UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း (ရုပ်/သံ)

လားရှိုးအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းကို ထိန်းထားနိုင်ရန် မလွယ်ကူတော့ဟု စစ်ကောင်စီ လက်ခံထားပြီဖြစ်၏။ လားရှိုးကို မစွန့်လွှတ်ရရန် နယ်မြေအချို့အား ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့အား ထိုးကြွေးပြီး တတ်စွမ်းသမျှ ကြိုးစားကြည့်ခြင်း ဖြစ်ပုံရ၏။ သို့သော် မြွေပါလည်းဆုံး၊ သားလည်းဆုံး ဖြစ်ဖို့များ၏။ ဒုတိယအချက်မှာ တရုတ်ကို စစ်ကောင်စီက အားမကိုးလို၍ UWSA ဘက် လှည့်လာခြင်း ဖြစ်ပုံရ၏။ သို့သော် စစ်ကောင်စီ၏ UWSA အား ဦးတည်ပြီး ရှမ်းမြောက်တွင် သွေးခွဲရေးဗျူဟာ ကျင့်သုံးရန် ကြိုးစားသည့် ခြေလှမ်းမှာ အလုပ်မဖြစ်ပေ။ တကယ်တမ်း လားရှိုးတိုက်ပွဲကိစ္စတွင် ဝင်ပါမည့်သူမှာ တရုတ်သာရှိ၏။ တရုတ်ကွန်ဂရက် ကာလအတွင်း ဇွန် ၁၄ ရက်မှ ၁၈ ရက်အထိ ကိုးကန့်တို့ အပစ်ရပ်ပြီး ၁၉ ရက်နေ့တွင် အပြင်းအထန် ပြန်လည်တိုက်ခိုက်ခဲ့၏။ သို့သော် ချက်ချင်းဆိုသလို တရုတ်အစိုးရ၏ တောင်းဆိုချက်အရ ဇူလိုင်လ ၁၉ ရက်မှ ၃၁ ရက်နေ့ထိ ယာယီအပစ်ရပ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) က ထပ်မံ ကြေညာခဲ့ပြန်သည့်အချက်က ထူးဆန်း‌နေ၏။ လက်ရှိ တရုတ်တို့၏ တောင်းဆိုချက်အရ MNDAA အပစ်ရပ်ခြင်းသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီ သက်တမ်းတိုးရမည့်အချိန်နှင့် ချိန်ကိုက်ဖြစ်နေသည်ကတော့ စိတ်ဝင်စားဖွယ်ဖြစ်နေ၏။ UWSA ကို ဦးတည် သွေးခွဲရန် ကြိုးစားပြီး လားရှိုးကို ထိန်းသိမ်းရန် ကြိုးစားမှု မအောင်မြင်သည့် စစ်ကောင်စီနှင့် လက်တံရှည်သည့် တရုတ်တို့၏ ခြေလှမ်းအား ဆက်လက် ကြည့်ရှုရပေဦးမည်။ #မြန်မာ #ဧရာဝတ
Back to Top